-
2.7K Views 0 Comments 0 Likes 0 Reviews
ဗမာ့သမိုင်းတွင် ဗြိတိသျှနယ်ချဲ့တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလျက်ရှိသော ချင်းအမျိုးသား ဗိုလ်ကြွန်ဘိခ် (ဝါ) ဗိုလ်စွန်ပက်သည် ချင်းလူမျိုးတို့၏ လေးစားဂုဏ်ယူရသည့် ပုဂိုလ်တစ်ဦးအဖြစ် ရာဇတွင်တွင်ခဲ့သူဖြစ်သည်။ ရန်ကုန်မြို့လယ်ခေါင်ရှိ ဗိုလ်စွန်ပက်လမ်းသည်လည်း ပြည်ထောင်စုဗမာနိုင်ငံတော်အစိုးရမှ သူ့အားဂုဏ်ပြုသည့်အနေဖြင့် မှတ်သားခေါ်ဆိုရခြင်းဖြစ်သည်။ သူ့ခေတ်၊ သူအချိန်ခါတွင် ဗိုလ်ကြွန်ဘိခ်၏ သြဇာအာဏာသည် ချင်းတောင်တစ်ဝှမ်းလုံးသာမက ကလေး-ကဘော်ဒေသအထိ လွှမ်းမိုးနိုင်ခဲ့သည်။ သူ၏ခေါင်းဆောင်မှုအောက်တွင် တာရွှန်း (ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ မျိုးနွယ်စုတစ်ခု) ဆိုတဲ့သူ့မျိုးနွယ်စုနာမည်ဟာ လည်းကမ္ဘာသိအောင် ကျော်ကြားခဲ့သည်အထိ စွမ်းဆောင်နိုင်သည့် အရည်ချင်းရှိသူတစ်ဦးဖြစ်သည်။
ဗိုလ်ကြွန်ဘိခ်သည် ၁၈၃၄ ခုနှစ်တွင် တာရွှန်းရွာ (ယခင်တာရွှန်းတို့ရဲ့ရွာမ ဖလမ်း) တွင် အဖဦးကိပ်ဘိခ် မှ မွေးဖွားခဲ့ပါသည်။ ဖခင်ဦးကိပ်ဘိခ် သည်ထိုအချိန်က “နာမ်ကပ်” ခေါ် လူငါးဦးဖြင့်ဖွဲ့စည်းထားသော တာရွန်းဒီမိုကရက်တစ်ကောင်စီတွင် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထိုကောင်စီမှာ အနောက်တိုင်း နိုင်ငံများတွင် အသုံးပြုသော ဒီမိုကရေစီစနစ်ကဲ့သို့ လူထုမှရွေးချယ်တင်မြောက်ထားသော ကောင်စီဖြစ်သည်။ လူထုမှ ကောင်စီဝင်အဖြစ် ရွေးချယ်ပုံမှာ ရိုးရာပွဲလမ်းသဘင်တွင် အဆင့်အမြင့်ဆုံးပွဲ ခင်းကျင်းနိုင်သူ၊ သံတမန်ဆက်ဆံရေးကောင်မွန်သူ နှင့် စစ်ရေးကျွမ်းကျင်သူများကိုသာ ကောင်စီအဖွဲ့ဝင်အဖြစ် လူထုမှ ရွေးချယ်တင်မြောက်ခဲ့ကြသည်။ တာရွှန်းမျိုးနွယ်စုတို့သည် ရိုးရာပွဲလမ်းသဘင်ခင်းကျင်းရာတွင် အဆင့် ၁၈ ဆင့်အထိ လုပ်ဆောင်ရန်လိုအပ်သည်။ ထိုပွဲလမ်းသဘင်မှာ လူတစ်ယောက်ရဲ့ချမ်းသာကြွယ်ဝမှုကို တိုင်းတာခြင်းဖြစ်ပြီး ထိုသို့တိုင်းတာရာတွင် မျက်မှောက်ခေတ်လို လူတစ်ဦးဟာ သူ့ပိုင်ဆိုင်မှုကိုမကြည့်ဘဲ သူပေးကမ်းလှူဒါန်းနိုင်တဲ့အတိုင်းအတာကိုကြည့်ပြီး သတ်မှတ်လေ့ရှိတယ်။ တာရွှန်းရိုးရာတွင် အဆင့် ၁ မှာ ဝက်တစ်ကောင်နဲ့ ခေါင်ရေအိုး ၃၀၊ အဆင့် ၂ တွင် ဝက်တစ်ကောင်နဲ့ ခေါင်ရေအိုး ၃၀၀ စသဖြင့် အဆင့်ဆင့်တက်ပြီး အဆင့် ၁၇ တွင်မူ ဝက် ၂၅ ကောင်၊ နွားနောက် ၁၉ ကောင်ဖြင့် တစ်ရွာလုံး ၇ ရက်ဆက်တိုက်ပွဲတည်ရတယ်။ နောက်ဆုံးအဆင်တွင်မူ ဝက်ကောင်ရေ ၃၀ နှင့် နွားနောက် ၅ ကောင်ဖြင့် ၅ ရက်ဆက်တိုက်ပွဲခင်းရတယ်။ အဲဒီလိုမျိုးအဆင့် ၁၈ အထိကျင်းပနိုင်တဲ့သူများထဲမှသာ ကောင်စီဝင်အဖြစ် ရွေးချယ်လေ့ရှိကြတယ်။ တာရွှန်းကောင်စီသည် စည်းလုံးခြင်းသည်အင်အား ဟူသောဆောင်ပုဒ်ဖြင့် စုပေါင်းတိုင်ပင်တတ်ကြပြီး ပိုင်နက်နယ်မြေကို အုပ်ချုပ်ခဲ့ကြသည်။ ဗိုလ်ကြွန်ဘိခ်သည် ရိုးသားဖြောင့်မတ်သူဖြစ်ပြီး သက်ကြီးသူများကို လေးစားတတ်သည်။ အမြော်အမြင်ရှိသူ တစ်ဦးဖြစ်သည်။ ဗိုလ်ကြွန်ဘိခ်သည် ပွဲလမ်းသဘင်များခင်းကျင်းနိုင်ခဲ့သူဖြစ်ပြီး အရည်အချင်းအားဖြင့်လည်း အသင့်တော်ဆုံးဖြစ်သဖြင့် အသက် ၂၂ နှစ်အရွယ်တွင် ကောင်စီဝင်အဖြစ် ရွေးချယ်ခြင်းခံရသူဖြစ်သည်။ သူသည်သံတမန်ရေးရာကျွမ်းကျင်သူ နိုင်ငံရေးအမြော်အမြေင်ရှိသူ ဖြစ်သည်နှင့်အမျှ တာရွှန်းကောင်စီတွင် သြဇာအာဏာအရှိဆုံး ခေါင်းဆောင်ဖြစ်လာခဲ့သည်။
ကလေး-ကဘော် ပြည်တွင်းစစ် (၁၈၈၇ ဝန်းကျင်)
-----------------------------------------------------
၁၈၈၅ ခုနစ်တွင် မြန်မာပြည်တစ်ပြည်လုံး ဗြိတိသျှလက်အောက်သို့ကျရောက်ခဲ့ရသည်။ ၁၈၈၇ မတ်လ ၁၅ရက်နေ့တွင် အထက်ချင်းတွင် ခရိုင်ဝန် Captain F.D Raikes သည် ကလေး-ကဘော်ဒေသအရေး ဖြေရှင်းရန် ကလေးဝဆိမ်ကမ်းသို့ ဆောက်ရောက်လာခဲ့သည်။ ထိုအချိန်တွင်မူ ကလေး-ကဘော်ဒေသတွင် ပြည်တွင်းစစ် ဖြစ်ပွားနေချိန်ဖြစ်ပြီး ဗြိတိသျှခေတ်မတိုက်မီ ထိုဒေသကိုအုပ်စိုးသော စော်ဘွား (စော်ဘွားမောင်ရစ်)နှင့် ဗြိတိသျှတို့ခန့်အပ်ထားသော စော်ဘွား (စော်ဘွားမောင်ပါကြီး) အကြား စစ်ဖြစ်နေချိန်ဖြစ်သည်။ တာရွှန်းတို့သည် စော်ဘွားဟောင်းမောင်ရစ် နှင့်သာ မြေပြန့်လုံခြုံရေးစာချုပ်ချုပ်တားခဲ့သောကြောင့် ဗြိတိသျှတို့ခန်အပ်ထားသော စော်ဘွားမောင်ပါကြီး အားအသိအမှတ်မပြုကြချေ။ စော်ဘွားမောင်ပါကြီး ခန့်အပ်ခြင်းခံရသောအခါ တာရွှန်း နှင့် စော်ဘွားမောင်ရစ်အကြား ချုပ်ဆိုထားသော လုံခြုံရေးစာချုပ်ပျက်ပျားသွားသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ထိုအခြေအနေကို အခြားချင်းမျိုးနွယ်စုများမှ အခွင့်ကောင်းယူကာ မြေပြန့်ရှိရွာများ စီးနင်းခြင်းပြုလုပ်ခဲ့ကြသည်။
Capt. Raikes နှင့် အဖွဲ့အား စော်ဘွားမောင်ပါကြီးမှ အင်ဒင်ရွာသို့မရောက်မီ ဆင်နှစ်ကောင်နှင့်တပ်သား အယောက် ၅၀ တို့မှ ကြိုဆိုခဲ့ပြီး အင်ဒင်းသို့သွားရောက်ခဲ့ကြသည်။ ထိုအချိန်တွင် စော်ဘွားနေထိင်သည့် အင်ဒင်းရွာမှာ အိမ်ခြေ ၁၆၁ အိမ်၊ မြစ်သာမြစ်၏ လက်ယာဘက်တွင်ရှိပြီး မြစ်မှ မိုင်တစ်ဝက်လောက်ကွားဝေးသည်ဟု Capt. Raikes ၏နေ့စဉ်မှတ်တမ်းတွင် တွေ့ရှိနိုင်သည်။ ထို့နောက် မတ်လ ၁၇ ရက်နေ့တွင် စော်ဘွားနှင့် Capt. Raikes တို့တွေ့ဆုံပြီး ချင်းတို့၏ စီးနင်မှုရပ်တန့်နိုင်ရေးအတွက် ချင်းတောင်အတွင်းရှိ အကြီးဆုံးမျိုးနွယ်စု ၅စုနှင့် တွေ့ဆုံရန် လိုအပ်ကြောင်း Capt. Raikes မှစော်ဘွားထံသို့ ပြောကြားခဲ့သည်။ စော်ဘွားမှ မျိုးနွယ်စုအားလုံးနှင့် တွေ့ဆုံစရာမလိုကြောင်း၊ တာရွှန်းမျိုးနွယ်စုတို့သည် အင်အားအကြီးဆုံး မျိုးနွယ်စုဖြစ်ပြီး ချင်းမင်ကြီး (ကြွန်ဘိခ်) သည် ကျန်မျိုးနွယ်စုများမှ လေးစားရသည့် ခေါင်းဆောင်ဖြစ်သည်။ တာရွှန်းတို့သည် မြေပြန့်အားအခြား ချင်းမျိုးနွယ်စုတို့၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ပေးလေ့ရှိသည်။ ထို့သို့ ကလေး-ကဘော် ဒေသအား အကာအကွယ်ပေးနိုင်သည့်အတွက် ဗိုလ်ကြွှန်ဘိခ်အား ကလေးဒေသအုပ်စိုးသည့် စော်ဘွားများမှ မြန်မာနန်းတွင်းဝင်ဝန်ကြီးနှင့်အဆင့်တူသော “ချင်းမင်းကြီး” ဘွဲ့နာမဖြင့် ဂုဏ်ပြုခေါ်ဆိုခဲ့ကြသည်။ စော်ဘွားသည် တာရွှန်းတို့နှင့် မြေပြန့်ကာကွယ်ရေးစာချုပ် ပြန်လည်ချုပ်ဆိုရန် အတွက် သူကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ အခြားချင်းမျိုးနွယ်စုတို့၏ တိုက်ခိုက်မှုဒဏ်မှလည်း သူမကာကွယ်နိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော်သူမကာကွယ်နိုင်သည့် အဓိကအကြာင်းရင်းမှာ စော်ဘွားဟောင်းနှင့် မိမိတိုက်ခိုက်သည်ကတစ်ကြောင်း၊ စော်ဘွားဟောင်းမှ ချင်းတို့အား မြေပြန့်စီးနင်းရန် လှုံဆော်မှုတို့ကြောင့်လည်းဖြစ်သည်။ ထို့
ကြောင့် ချင်းတို့၏ တိုက်ခိုက်မှုအားကာကွယ်ရန်အတွက် မိမိ၏သြဇာသည် ဗြိတိသျှအစိုးရနှင့် တာရွှန်းတို့မှ အသိမှတ်ပြုဖို့အရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း Capt. Raikes ထံသို့ ရှင်းပြခဲ့သည်။စော်ဘွားမောင်ပါကြီးသည် ကလေးနယ်တွင် လူကြိုက်များပြီး၊ ယောဒေသမှလည်း စစ်ကူရရှိနိုင်သူဖြစ်ရာ ကလေးနယ်အတွက် အသင်တော်ဆုံး စော်ဘွားဖြစ်ကြောင်း Capt. Raikes မှတ်ချက်ချခဲ့သည်။ ထို့နောက် စော်ဘွားဟောင်းနဲ့အပေါင်းအပါများအား ဖမ်းဆီးစေခဲ့ပြီး မန္တလေးထောင်နှင့် အလုံထောင်သို့ပို့စေခဲ့သည်။ တာရွှန်းတို့ထံတွင်လည်း စော်ဘွားမောင်ပါကြီး အားအသိအမှတ်ပြုရေး၊ မြေပြန့်စီးနင်းမှုပပျောက်ရေး ဆွေးနွေးရန်အတွက် လူလွှတ်ရန် အမိန့်ပေးခဲ့သည်။ Capt. Raikes မှဆက်ပြောရာတွင် ဖြစ်နိုင်ရင် ချင်းမင်းကြီး နှင့် မိမိတွေ့ဆုံလိုကြောင်းပြောကြားခဲ့ပြီး ထိုအတွက် စကားပြန်တစ်ဦးအား ဆက်သားအဖြစ် စေလွှတ်ခဲ့ကြသည်။
Tashon-Angle Conference. တာရွှန်း-ဗြိတိသျှ ပထမအကြိမ် ဆွေးနွေးခြင်း
----------------------------------------------------------------------------------
ဗိုလ်ကြွန်ဘိခ်သည်လည်း တာရွှန်းကောင်စီမှအခြားခေါင်းဆောင် ၃ ဦးအားစေလွှတ်ခဲ့ပြီး Capt. Raikes နှင့် ၁၈၈၈ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် အင်ဒင်းသို့ဆွေးနွေးခဲ့ကြသည်။ Capt. Raikes သည်ချင်းလူမျိုးတို့နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး တာရွှန်းတို့သည် အလွန်ထူးခြားသည့် လူမျိုးများဖြစ်ပြီး သူတို့ကိုယ်ပေါ်တွင် အဝတ်အစား မရှိသလောက်ပင်ဖြစ်သည်။ ပိတ်ဖြူဖြင့် ပြုလုပ်ထားသောခေါင်းပေါင်းများ ဝတ်ဆင်ကြပြီး သူတို့၏ခေါင်းဆောင်သည် ခေါက်ထားသောအနီရောင်ပိတ်စအားလွယ်ထားသည် ကိုတွေ့ရှိရသည်ဟု သူ့နေစဉ်မှတ်တမ်းတွင် ရေးသားထားသည်။ တာရွှန်းခေါင်းဆောင်တို့သည် စော်ဘွားအား ကလေးတွင် ရုံးချုပ်အတည်မချင်း တာရွှန်းတို့အနေဖြင့် မြေပြန့်ကာကွယ်ရေး စာချုပ်ချုပ်ဆိုနိုင်မည် မဟုတ်ကြောင်း အသိပေးခဲ့သည်။ Capt. Raikes မှလည်း ဘာသာပြန်မှတစ်ဆင့် မြန်မာနိုင်ငံသည်ဗြိတိသျှတို့၏လက်အောက်တွင် ကျရောက်ပြီးဖြစ်ရာ ကခုလက်ရှိ ကလေးစော်ဘွားသည်လည်း မိမိတို့ခန့်ထားသည့် စော်ဘွားဖြစ်ကြောင်း၊ အခြား ချင်းမျိုးနွယ်စု တို့အနေဖြင့် ကလေးနယ်စီးနင်းမှုအား ရပ်တန့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ တာရွန်းခေါင်းဆောင်တို့သည်လည်း စော်ဘွား ကလေးသို့ ရုံးချုပ်မတည်မချင်း မိမိတို့အနေနှင့် စာချုပ်ချုပ်ဆိုနိုင်မည်မဟုတ်ကြောင်း၊ သို့သော် စော်ဘွားအနေဖြင့် ထိုအရာအား လုပ်ဆောင်နိုင်မည် ဆိုပါက မိမိတို့စာချုပ်ချုပ်ပြီး စီးယင်း၊ ကမ်ဟောင်တို့နှင့် ဆွေးနွေးပြီး မြေပြန့်တိုက်ခိုက်မှု ရပ်တန့်ခိုင်းမည်ဖြစ်ကြောင်း၊ သူတို့လိုက်နာခြင်း မပြုပါက မိမိတို့အနေနှင့် ပြစ်မှုကျူးလွန်သူတို့အားတိုက်ခိုက်ရန် စော်ဘွားအား အကူအညီပေးမည်ဖြစ်ကြောင်း ဤမျှသာမိမိတို့အနေနှင့် ပြောနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ နောက်ပြီး Capt. Rakies သည်အစည်းဝေး တက်ရောက်သူ အားလုံးအတွက် လက်ဆောင် ပေးအပ်ခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် တာရွှန်းကိုယ်စားလှယ်တို့သည် ရိုင်ဖယ်လ်တစ်လက်အား ထူးဆန်းစွာကြည့်ရှုနေကြသည်ကို Capt. Raikes အခွင့်ကောင်းယူပြီး ကိုက် ၁၂၇ အကွာတွင်ရှိသော ပစ်မှတ်တစ်ခုအား စစ်သား ၁၀ ယောက်မှ ၅ ကြိမ်စီပစ်ခတ်စေခဲ့သည်။ သေနတ်၏အစွမ်းမှာ တာရွှန်းကိုယ်စားလှယ်တို့ လွန်စွာ အံ့အားသင့်ခဲ့ကြသည်။ သူတို့က ဘာသာပြန်သူထံတွင် တာရွှန်းစစ်သား အယောက် ၁၀၀ ကဗြိတိသျှစစ်သား ၅ ယောက်နိုင်ဖို့မလွယ်ကြောင်း မှတ်ချက်ချခဲ့သည်။ Capt. Raikes မှ မနေ့ကမိမိပေးသည့် လက်ဆောင်ထက် ဒီနေ့အဖြစ်အပျက်သည် မြေပြန့်စီးနင်းမှု ရပ်တန့်စေရန် အထောက်အကူ ပိုပြုမည်ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။
ဗြိတိသျှအစိုးရမှ တာရွှန်းနယ်သို့ သူလျိုလွတ်ခြင်း
---------------------------------------------------
၁၈၈၇ မတ်လတွင် ဗြိတိသျှအထက်မြန်မာပြည်ခရိုင်ဝန် Captain Frederick Duncan Raikes နှင့် တာရွန်းကောင်စီမှ ခေါင်းဆောင်တစ်ချို့ တွေ့ဆုံဆွေးနွေးပြီးနောက် ဗြိတိသျှတို့သည် တာရွှန်းနယ်အကြောင်းကို အထူးလေ့လာ စုံစမ်းခဲ့ကြသည်။ ဗြိတိသျှအစိုးရသည် တာရွှန်းနယ်အား စုံစမ်းရန်အတွက် သူလျှိုမောင်ပိုးစိန်အား (Maung Po Saing) ၁၈၈၇ နှစ်ကုန်ပိုင်းတွင် စေလွတ်ခဲ့ကြသည်။ ဗြိတိသျှအစိုးရသည် တာရွှန်းနယ်အကြောင်း ဆက်လက်လေ့လာရန် ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး မောင်သင်းနှင့် မောင်လောစံ တို့အား ဗြိတိသျှကိုယ် စားလှယ်အဖြစ် စေလွှတ်ခဲ့ကြသည်။ ထိုကိုယ်စားလှယ်နှစ်ဦးမှာ တာရွှန်းစစ်သည်တော်များမှ ၎င်းတို့၏ ကိုယ်ရံတော်အဖြစ် ဆောင်ရွက်ခဲ့ကြပြီး ကြွန်ဘိခ်နှင့် တွေ့ဆုံရန် မြေပြန့်မှ ဖလမ်းအထိ ခေါ်ယူခဲ့ရသည်။ ဗြိတိသျှကိုယ်စားလှယ်မှ ထံသို့ပြန်လည်အစီရင်ခံရာတွင် "ကျွန်တော်တို့ရွာမ သို့ရောက်ပြီးလျင်လည်း တာရွန်းမင်းကြီး ကြွန်ဘိခ်နေထိုင်ရာအိမ်သို့ တည်းခိုခဲ့ပြီး ဧည့်ဝတ်ကျေပွန်စွာ တည်းခင်းကျွေးမွေးခြင်းခံရသည်။ ကြွန်ဘိခ်နေထိုင်ရာအိမ်သည် တိရိစ္ဆာန် ဦးခေါင်းခွံများနှင့် ပြည့်နှက်နေပြီး ဆင်စွယ် လည်းရှိသည်။ ရွာမအလယ်တွင် ကျင်းသုံးတွင်းရှိ၍ ထိုကျင်းများတွင် ကြွန်ဘိခ်ရဲ့ အဖိုးတန် ပစ္စည်းများ သိမ်းထားသည် (ရွှေ၊ငွေ မပါ)၊ ထိုပစ္စည်းများမှာ ဆင်စွယ်၊ ဓားရှည်၊ လက်ဝတ်ရတာနာများဖြစ်ပြီး နှစ်အဆက်ဆက် မြေပြန့်စော်ဘွားများထံမှရရှိသော လက်ဆောင်ပဏာများ ဖြစ်သည်။ ရွာမထိပ်တွင် ကျောက်ဖြင့်ထွင်းထုထားသော ကျောက်ရုပ် သုံးရုပ်ကို တွေ့ရသည်။ အရုပ်နှစ်ခုမှာ အမျိုးသားက အမျိုးသမီးကို ရေချိုးပေးနေသော ပုံဖြစ်၍ ကျန်တစ်ခုမှာ ဘီလူးမ ကျောက်ရုပ်ဖြစ်သည်။ (နောက်ပိုင်းတွင် တာရွှန်းရွာထိပ်ရှိ တောင်တန်းအား ဗြိတိသျှတို့မှ ဘီလူးမတောင်တန်း ဟူ၍ခေါ်ဆိုခဲ့ကြသည်)။ ရွာသားများသည် ထိုရုပ်များကို အလွန်ကြောက်ရွံကြသည်။ အနားပင်မကပ်ရဲကြပေ။ ဖလမ်း၏ နေဝင်ရာ အနောက်ဘက်ခြမ်းတွင် အခြားလူမျိုးများလည်း ရှိသည်ဟု သိရှိရသော်လည်းဘဲ၊ သူတို့အကြောင်းနှင့် ပက်သက်၍ စုံစမ်းလို့မရခဲ့ကြောင်း” အစီရင်ခံခဲ့သည်။
ဗိုလ်ကြွန်ဘိခ် (စွန်ပက်) နှင့် Capt. Raikes တွေ့ဆုံခြင်း
-------------------------------------------------------------
တပ်ကြပ်ကြီးမောင်သင်းနှင့် မောင်လောစံတို့ ဖလမ်းသို့သွားရောက်စဉ် ကြွန်ဘိခ်အားဗြိတိသျှအစိုးရ၏ အထက်မြန်မာပြည်ခရိုင်ဝန် Capt.Raikes နှင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ပန်ကြားခဲ့ကြသည်။ ၁၈၈၈ ခုနှစ် ဇန်နဝါရီလ တစ်ရက်နေ့တွင် ကြွန်ဘိခ်နှင့်အဖွဲ့သည် စီဟောင်းရွာတွင် Capt.Raikes နှင့်တွေ့ဆုံရန် သွားရောက်ခဲ့ကြသည်။ Capt.Raikes ကမူ ကလေးစော်ဘွားနေထိုင်ရာ အင်ဒင်းတွင်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ကြွန်ဘိခ်သည် အင်ဒင်းသို့ မသွားလို၍ စီဟောင်း (ယခုမြောက်စီ) တွင်သာ တွေ့ဆုံရန် Captain Raikes အား အကြောင်းကြားခဲ့သည်။ Capt.Raikes သည်လည်း မတတ်နိုင်တော့သည့် နောက်ဆုံး ကြွန်ဘိခ် ဆန္ဒအတိုင်း လိုက်လျော်ပေးရတော့သည်။ ဇန်နဝါရီလနှစ်ရက်နေ့တွင် Capt. Raikesသည် Maj. Mcgregor, Capt. Sorel, Lt. Jones နှင့် မြင်းစီး (Mounted Infantry) တပ်သားယောက် ၂၀၊ နောက်ပြီး Gurkha စစ်သားအယောက်၂၀ တို့နှင့်အတူ စီဟောင်းရွာသို့ထွက်ခွာခဲ့သည်။ Capt. Raikes နှင့်အဖွဲ့ စီဟောင်းသို့ ရောက်သော်အခါ ကြွန်ဘိခ်သည် စီဟောင်းအနောက်တောင် ဘက်ရှိနှစ်မိုင်ခန့်ဝေးသော၊ တာရွန်းတို့ပိုင်နက် ကန်းလှာ (Kaanhla) ရွာတွင်ရှိကြောင်း အကြောင်းကြားခဲ့ကြသည်။ Capt. Raikes နှင့်အဖွဲ့သည်လည်း ထိုည စီဟောင်းရွာတွင်အိပ်ပြီး နောက်တစ်နေ့ နေ့လည်ခန့်တွင် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရန် ပြင်ဆင်ထားကြသည်။
၁၈၈၈ ခုနှစ် ဇန်နဝါလ ၃ ရက်နေ့ တွေ့ဆုံဆွေးနွေးခြင်း
-----------------------------------------------------------
Capt. Raikes သည်ကြွန်ဘိခ်အဖွဲ့နှင့်တွေ့ဆုံသည့် အဖြစ်အပျက်ကို သူ့နေ့စဉ် မှတ်တမ်း (၁၈ ဒီဇင်ဘာ မှ ၃ ဇန္နဝါရီလ) တွင်ဤသို့ရေးမှတ်ထားသည်။ “နေ့လယ် ၁း၃ဝ ခန့်တွင် ကြွန်ဘိခ်ကိုယ်တိုင်၊ နောက်ပြီး သူ့တပ်သားအယောက် ၂၀ တို့နှင့် ကျွန်ပ်တွေ့ဆုံခဲ့သည်။ ခန့်မှန်းခြေအားဖြင့် ကြွန်ဘိခ်သည် အသက် ၄၀-၅၀ ဝန်းကျင်ခန့်ရှိမည်၊ မာန်ပါပါ အားရတက်ကြွစွာ ပြောဆိုမှုကို ကျွန်တော်လေးစားမိသည်။ ကျွန်တော်တို့ မေးမြန်းသမျှကို သူ့အပေါင်းအပါများနှင့် အရင်တိုင်ပင်ပြီးမှ ပြန်လည်ဖြေကြားခဲ့သည်။ ၄ နာရီခန့်အကြာ ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာများမှာ -
၁) ကလေး၊ ကဘော်ဒေသ (မြေပြန့်) ရှိ ဗြိတိသျှအစိုးရ ခန့်အပ်သော စောဘွားတို့အား တာရွှန်းတို့ အသိမှတ်ပြုဖို့အရေး
၂) စီးယင်းနှင့်စာခီလိန်းတို့မြေပြန့် စီးနင်တိုက်ခိုက်သည့်အကြောင်း
၃) ချင်းတောင်နှင့် ဗမာပြည်ကုန်သွယ်ရေး၊ ဗမာပြည်-ချင်းတောင်-Chittagong တို့ကြားကုန်သွယ်ခြင်း
၄) တာရွှန်းနယ်မှ Chittagong သို့ သွားရန်လမ်း စုံစမ်းဖို့အတွက် လူလွှတ်ဖို့အရေး တို့ဖြစ်သည်။
ပထမအချက်နှင့်ပက်သက်ပြီး ကြွန်ဘိခ်မှ မြန်မာနိုင်ငံသည်ဗြိတိသျှအစိုးရ လက်အောက်ခံဖြစ်ပြီဖြစ်၍ စောဘွားခန့်အပ်ရေးသည် ဗြိတိသျှအစိုးရ၏ အလိုတော်အတိုင်း လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ ခန့်အပ်ထားသော စောဘွားများကိုလည်း တာရွှန်းတို့အနေဖြင့် အသိအမှတ်ပြုရန် ကြိုးစားမည်ဖြစ်ကြောင်း လည်းပြောကြားခဲ့သည်။ လွန်ခဲ့တဲ့ ၁၈၈၇ မတ်လတွင် တာရွှန်းခေါင်းတောင်တစ်ချို့နှင့် တွေ့ဆုံသည့်နောက်ပိုင်း စီးယင်း (Sizang-Sakhiliang) မျိူးနွယ်စုတို့မှ မြေပြန့်ဒေသကို စီးနင်းခြင်း မပြုခဲ့ကြချေ။ ထိုကိစ္စအပေါ် ကျွန်တော်သည် ကြွန်ဘိခ်ကို ကျေးဇူးတင်ကြောင်းနှင့် နောက်ထပ် Sizang-Sakhiling များမှ ထပ်မံ တိုက်ခိုက်မှု မပြုရန် ဆက်လက်စွမ်းဆောင်ပေးရန် မေတ္တရပ်ခံခဲ့သည်။ “I congraculated Sonpek (Con Bik) on the success which had so far attended his intervention between the Siyin-Sagyilian Chins and the Kale Sawbua people, and hoped that he would succeed in preventing all raids in the future”. ထို့နောက် တပ်ကြပ်ကြီးမောင်သင်း နှင့် မောင်လောစံတို့ ဖလမ်းတွင် လာရောက်စဉ်တုန်းက တာရွှန်းတို့၏ ဧည့်ဝတ်ကျေပွန်မှုအပေါ်ထပ်မံ ကျေးဇူးတင်ရှိကြောင်း ကျွန်တော်ပြောကြားခဲ့သည်။ တာရွှန်းတို့အနေဖြင့် ချင်းတွင်း ဒေသဘက်သို့ အချိန်မရွေးလာရောက် တည်းခိုနိုင်ကြောင်း နဲ့ဧည့်ဝတ်ကျေပွန်စွာ တည်းခင်းမည် ဖြစ်ကြောင်း ကျွန်တော် ပြောကြားခဲ့သည်။ ကြွန်ဘိခ်ကလည်း ဗြိတိသျှအစိုးရနှင့် ကောင်းကောင်း မွန်မွန် ဆက်ဆံနိုင်ဖို့အရေးသည် တာရွှန်းတို့အတွက် အရေးကြီးကြောင်း နှင့်နောက်ထပ် ဗြိတိသျှကိုယ်စားလှယ်များကိုလည်း မိတ်ဆွေရင်းခြာပမာ တည်းခင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကုန်သွယ်ရေးနှင့်ပက်သက်ပြီး ဗမာပြည်အပြင် Chittagong နဲ့ ကုန်သွယ်ရန် ဆန္ဒရှိကြောင်း၊ ဗမာပြည်နှင့် အိန္ဒယပြည်သည် ဗြိတိသျှ အစိုးရ အုပ်ချုပ်နေပြီဖြစ်ရာ Chitagong ဘက်နဲ့ ကုန်သွယ်မှုရလျှင် အဘက်ဘက်မှ အကျိုးရနိုင်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ သွားရာလမ်းအတွက် လမ်းအသစ်ရှာဖွယ်ဖို့ လိုအပ်လျှင်ပင် မိမိကိုယ်တိုင် ကွင်းဆင်းလေ့လာလိုကြောင်း ကျွန်တော်ပြောကြားခဲ့သည်။ ကြွန်ဘိခ်မှ ပြန်လည်ပြောကြားရာတွင် Chittagong ဒေသနှင့် ကုန်သွယ်ရန် ကိစ္စမှာ မြန်မာမင်းကိုယ်စားလှယ်များအပြင်၊ ရှမ်းစော်ဘွားများကလည်း တစ်ခါမှမေးမြန်းခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ယခုအခြေအနေသည် ယခင်နှင့်မတူတော့ပေ။ ဗမာပြည်နှင့် Chittagong ဒေသသည် ဗြိတိသျှအစိုးရ သိမ်းပိုက်အုပ်ချုပ်ပြီးဖြစ်၍ ထိုနိုင်ငံနှစ်ခု ဆက်သွယ်မှုရရှိရေး ကြိုးပမ်းခြင်းမှာ သဘာဝကျပါသည်ဟု ကျွန်တော်ပြန်ပြောခဲ့သည်။
ကြွန်ဘိခ် ပြန်လည်ဖြေကြားရာတွင် သူ့အနေနှင့် မေးမြန်းချက် အားလုံးကို ဖြေကြား နိုင်သော်လည်း ကုန်သွယ်ရေး လမ်းကြောင်းရှာဖွေရေးတွင်မှု ကျွန်တော် တစ်ယောက်ထဲ ဆုံးဖြတ်ချက်မချနိုင်ပါ။ အခုတွေ့ဆုံ ဆွေးနွေး ခြင်းတွင်မလာရောက်နိုင်သော ဖလမ်းကောင်စီမှ ခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင် ရန်လိုအပ်ကြောင်းပြောသည်။ လမ်းရှိကောင်း ရှိမည်၊ ဒါပေမယ့် ကျွန်တော်တို့ ဘာမှသိရှိထားခြင်း မရှိပါ။ ဖလမ်းကောင်စီမှ ဆွေးနွေးမှု မပြုလုပ်မခြင်း၊ ဗြိတိသျှတို့အနေနှင့် ကိုယ်စားလှယ်များ မလွှတ်ရန် လည်းသူသတိပေးခဲ့သည်။ သူလျိုစုံထောက်များ လွတ်ခဲ့လျှင်လည်း သူတို့၏ အသက်အန္တရယ်အတွက် အာမခံချက် မပေးနိုင်ကြောင်း ထပ်မံပြောဆိုခဲ့သည်။ ကြွန်ဘိခ်သည် ထိုမေးမြန်းချက်အပေါ် ထောက်ခံသည် မထောက်ခံသည် ကိုမပေါ်လွင်အောင် ပါးနပ်စွာဖြေကြား နိုင်ခဲ့သည်။ ကြွန်ဘိခ်သည် သူ့အနေဖြင့် တာရွှန်းနယ် အနောက်ဘက်တွင် သူအမိန့်ပေးပိုင်ခွင့် မရှိကြောင်းထပ်မံပြောဆိုခဲ့သည်။ ထို့အပြင် တာရွှန်းနယ်၏ နေဝင်ရာအရပ်ဘက်တွင် Chittagong ဒေသရှိမရှိ သူတို့ မသိရှိကြောင်းပြောကြားခဲ့သည်။ ကြွန်ဘိခ်သည် နောက်ထပ် မေးခွန်းများမမေးရန် မေတ္တာရပ်ခံခဲ့သည်။ အချိန်ကြာ အစည်းအဝေးပြုလုပ်ခြင်းသည် သူ့အတွက် အခက်အခဲရှိကြောင်း ပြောဆိုခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် လက်ဆောင်ပစ္စည်းများ ပေးကမ်းခြင်းပြုလုပ်ရာ သူလက်မခံခဲ့ပေ။ သူ့နေနှင့်လည်း လက်ဆောင်ယူလာခြင်းမရှိသောကြောင့် ဤလက်ဆောင်လက်ခံရန်မှာ မသင့်တော်ကြောင်း သူငြင်းဆိုခဲ့သည်။ အချိန်ကြာ တိုင်းရေးပြည်ရေး ဆွေးနွေးပြီးနောက်မှသာ မိမိပေးသော လက်ဆောင်ကို လက်ခံ၍ သူ့ထံမှ ကြက်ဥပုတ် အနည်းငယ်ကို မိမိလက်ခံခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဂေါရ်ခါးတပ်သားများမှ အမြှောက်လက်နက်ကြီး ငါးခေါက် ပစ်ခတ်ခဲ့သည်။ ကြွန်ဘိခ်သည် အလယ်တွင်ရပ်နေရင်း အလွန်းထူးဆန်း စွာကြည့်နေသည်။ သူ့အသက်တာတွင် ပထမဆုံးအကြိမ် တွေးဖူခြင်းဖြစ်သည်ဟု ယူဆရသည်။ အခုတွေ့ဆုံ ဆွေးနွေးမှုတွင် Chittagong ဒေသထိ ပေါက်ရောက်နိုင်မည့် လမ်းကိစ္စတွင် အောင်မြင်မှုမရခဲ့ သော်လည်း ကြွန်ဘိခ် နဲ့ လူခြင်းတွေ့ဆုံမှု ရရှိနိုင်၍ မိမိစိတ်ကျေနပ်မှု ရရှိခဲ့သည်။ ကြွန်ဘိခ် ဘက်မှလည်း ကျွန်တော်တို့ကို အထင်ကြီးလေးစား မည်ဟု မျှော်လင့်မိသည်၊ နောက်နောင်များတွင်လည်း ကျွန်တော်တို့ကို အကူအညီပေးလိမ့်မယ် ဟုမျှော်လင့်မိသည်”။
Captain Raikes ကမူပထမအကြိမ်တွင် ရိုင်ဖယ်လ်သေနတ်၏အစွမ်း တာရွှန်းကိုယ်စားလှယ်တို့လွန်စွာအံ့အားသင်သွားသည့်အဖြစ်အပျက်ကို အခွင့်ကောင်းယူကာ ဗိုလ်ကြွန်ဘိခ်နှင့်ဆွေးနွေးပွဲတွင်မူ အမြောက်လက်နက်ကြီး၏အစွမ်းအား ပြသရန်စီစဉ်ခဲ့သည်။ ချင်းလူမျိုးတို့မှ ဗြိတိသျှစစ်တပ်၏ လက်နက်နှင့် စစ်အင်အားကို အနုနည်းဖြင့်သက်နေပြ ခြိမ်းခြောက်ပြီး ဗြိတိသျှတို့တောင်းဆိုထားသော အချက်များအလွယ်တစ်ကူ ရရှိနိုင်မည်ဟု မောျ်လင်ခဲ့သော်လည်း ထိုလုပ်ရပ်သည် ဗိုလ်ကြွန်ဘိခ်မှ ဗြိတိသျှတို့အပေါ်တွင် သံသယစိတ်များဝင်လာစေခဲ့သည့် အချက်တစ်ချက်ဖြစ်လေခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
ဗြိတိသျှနယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ကြွန်ဘိခ် (ခ)
ဗိုလ်စွန်ပက် နဲ့ဖလမ်းနယ်မှ တိုက်သူကြီးများ (၁၉၀၀ ဝန်းကျင်တွင်ရိုက်ကူးသည်။)
ချင်းတွင်းအထက်ခရိုင်ဝန် Captain Frederick Duncan Raikes နှင့်
Colonel Woodthorpe အဖွဲ့အား ကလေးစော်ဘွားမောင်ပါကြီးမှ ဆင်နှစ်ကောင် နှင့် တပ်သားအယောက် ၅၀ နှင့်အတူ ကြိုဆိုစဉ်။ (၁၈၈၇ ခုနှစ် မတ်လ ၁၇ ရက်)
တာရွှန်း-ဗြိတိသျှ ပထမဆုံးအကြိမ် ဆွေးနွေးနေစဉ် (၁၈၈၇ မတ်လ ၂၁ ရက်နေ့)
---------------------------------------------------------
ချင်းတွင်းအထက်ခရိုင်ဝန် Captain Frederick Duncan Raikes နှင့် Colonel Woodthorpe တို့သည် ဗိုလ်စွန်ပက် စေလွှတ်သောတာရွှန်း ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးစဉ်
ဗြိတိသျှတို့၏ ချင်းတောင်စစ်ဆင်ရေး (၁၈၈၉-၁၈၉၀)
+++++++++++++++++++++++++++++++++++
ဗြိတိသျှတွေဟာ စီးယင်းတွေကို အနိုင်ရရှိခဲ့ ပေမယ့် သူတို့နေထိုင်တဲ့ရွာတွေကိုသာ သိမ်းပိုက်နိုင်ခဲ့ပြီး စီးယင်းစစ်တပ်ကိုမူ မချေမှုန်းနိုင်ခဲ့ပေ။ စီးယင်းစစ်သည်တော်တွေဟာ အရှုံးမပေးပဲ နီးရာတောထဲတွင် ခိုလှုံရင်း ဗြိတိသျှစစ်တပ်ကို အခွင့်အခါကြုံတိုင်း ခြုံခိုတိုက်ခိုက်ခဲ့ကြသည်။ တာရွှန်းတို့ကလည်း စော်ဘွားဟောင်း နှင့် အပေါင်းအပါများ ရွှေဂျိုးဖြူမင်းသားနဲ့ အပေါင်းအပါတွေကို ဆက်လက်ပြီးအကာအကွယ်ပေးခဲ့တယ်။ ဇိုခွား နဲ့ဟားခါး နယ်မှလည်း မြေပြန့်ဒေသတွေကို သွားတိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဗြိတိသျှအစိုးရဟာ ချင်းတောင်တစ်ခွင်လုံး သိမ်းပိုက်ရန် စစ်ဆင်ရေးစတင်ခဲ့ရတော့သည်။
၁၈၈၉-၉၀ ဆောင်းရာသီတွင် ဗြိတိသျှစစ်တပ်သည် Chin-Lushai Expedition ခေါ်စစ်ကြောင်း သုံးကြောင်းဖြင့် ချင်းတောင်တစ်ခုလုံးသိမ်းပိုက်ရန် ချီတက်ခဲ့ကြရသည်။ Brigadier Gen. Tregear ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၃၄ဝဝ ပါအနောက်ပိုင်းစစ်ကြောင်းဟာ အိန္ဒိယနိုင်ငံရှိ Lunglei ကနေ စတင်ချီတက်ပြီး ထန်တလန်နယ်အားလုံးကို သိမ်းပိုက်လိုက် ပါတယ်။ Colonel Symond (နောက်ဗိုလ်ချုပ်) ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၈၆၉ ပါ တောင်ပိုင်းစစ်ကြောင်းဟာ ပခုက္ကူကနေ စတင်ချီတက်ပြီး Zokhua၊ Sakta နဲ့ ဟားခါးကို သိမ်းပိုက်ခဲ့ပါတယ်။ ဒီစစ်ကြောင်းနှစ်ခုဟာ ဟားခါးမှာတွေ့ဆုံခဲ့ကြပြီး ဖလမ်းသို့ချီတက်ရန်ပြင်ဆင်ခဲ့ကြသည်။
ထို့နောက်ဖလမ်းသို့ချီတက်ရန်အတွက် Gen. Symond သည် King’s Own Scottish Borderers (KOSB) မှတပ်သား ၁၀၀၊ 2-4th Gurkha Rifles မှတပ်သား ၁၆၄ နှင့် အမှတ် (၁) Bengal Mountain Battery မှလက်နက်ကြီးနှစ်လက်နှင့်အတူ ဖလမ်းသို့ချီတက်ခဲ့ကြသည်။ ထိုစစ်ကြောင်းထဲမှ ဆေးမှုး Adam Scott Reid သည်သူ့နေ့စဉ်မှတ်တမ်းထဲတွင် “ကျွနုပ်တို့ချီတက်ရာလမ်းကြောင်းတစ်လျှောက်တွင် တွေ့ခဲ့ရသည့် ချင်းလူမျိုးများသည် ရင်းရင်းနှီးနှီးရှိကြသည်။ ကျွန်တော်တို့စစ်ကြောင်း ဖလမ်းသို့ရောက်ခါနီးမှာ ဖလမ်းကောင်စီမှ ဗိုလ်ကြွန်ဘိခ်နှင့် Pu Mang Hlur တို့သည် စစ်ကြောင်းနှင့်လာရောက်တွေ့ဆုံပြီး ဘီလူးမတောင်တန်းအား ဖြတ်ကျော်ခြင်းမပြုရန် မိမိတို့အား သတိပေးခဲ့သည်” ဟုရေးသားခဲ့သည်။ သို့သော် Gen. Symond သည် ထိုသတိပေးချက်အား လျစ်လျူရှုပြီး ဖလမ်းသို့ဆက်လက်ချီတက်ရာ မတ်လ ၁၁ ရက်နေ့နံနက် ၈နာရီတွင် ဖလမ်း အနောက်မြောက်ဘက်အရပ်ရှိ Ngalzawl တွင်စခန်းချခဲ့ကြသည်။ ထိုအရပ်သည် ယနေ့တာရွှန်းရွာ နှင့် ကြောင်ဟဲန်ရွာအကြားတွင်ဖြစ်သည်။ ထိုအရပ်သို့ရောက်ရောက်ခြင်း Parte ရွာတွင်စခန်းချနေသော မြောက်ပိုင်းစစ်ကြောင်းနှင့် ကြေးနန်းအဆက်အသွယ်ရရှိခဲ့သည်။ Col. Skene ဦးဆောင်သော တပ်သား ၁၆၂၂ ပါမြောက်ပိုင်းစစ်ကြောင်းသည် Fortwhite – Bualkhua – Lati မှတစ်ဆင့် Parte သို့ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ စစ်ကြောင်းနှစ်ခုစလုံးရောက်ရောက်ခြင်း ဖလမ်းသား၊ သူများအား အသိပေးသည့်အနေနှင့် မြောက်ပိုင်းစစ်ကြောင်းမှ လက်နက်ကြီးသုံးချက်ပစ်ခတ်ခဲ့သည်။ တောင်ပိုင်းစစ်ကြောင်းမှလည်း ဒိုင်နမိုက်ကျည်များ ဖောက်ခွဲပြီး စစတပ်သည် တာရွှန်းတို့၏ မြို့တော်ဖလမ်း တစ်ခါးပေါက်သို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးခဲ့ကြသည်။
ဖလမ်းကောင်စီနှင့် ဆွေးနွေးခြင်း
++++++++++++++++++
၁၈၉၀ ခုနှစ်မတ်လ ၁၁ ရက်နေ့တွင် Gen. Symond, နိုင်ငံရေးအရာရှိများဖြစ်သော Mr. Ross နှင့် Mr. Carey တို့သည် ဖလမ်းကောင်စီမှ ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ကြွန်ဘိခ်၊ Pu Mang Hlur, Pu Kha Lian, Pu Bawi Hmung, Pu Vum Ceu အခြားအငယ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သော Pu Shin Lay တို့နှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြသည်။ ဗြိတိသျှတို့ဖလမ်းသို့မချီတက်မီတွင် အထက်ချင်းတွင်းခရိုင်ဝန် Capt. Raikes မှဖလမ်းကောင်စီထံသို့ လက်နက်ချအရှုံးပေးပြီး နှစ်စဉ်လျှော်ကြေးနှင့်ဆက်သကြေးအဖြစ် ရူပီး ၁၀၀၀၀၊ ဆင်စွယ် ၂ ချောင်း နှင့် ရူပီး ၅၀၀ တန်ပိတ်စအား ဆက်သရန်သတင်းပို့ထားပြီးဖြစ်သည်။ ထိုလျှော်ကြေးအား လက်ခံရန် Gen. Symond မှပြောသောအခါ ဖလမ်းကောင်စီခေါင်းဆောင်များမှ ယဉ်ကျေးစွာ ငြင်းဆိုခဲ့ကြသည်။ ဖလမ်းကောင်စီ ခေါင်းဆောင်တွေက “ရူပီးဟာ ကျနော်တို့ပိုက်ဆံ မဟုတ်ဘူး။ ပိတ်စကလည်း ပြည်မကနေပဲ ဝယ်နိုင်တာဖြစ်တယ်။ ခင်ဗျားတို့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်တဲ့အတွက် ဝယ်လို့လည်းမရဘူး။ ခင်ဗျားတို့တောင်းဆိုတဲ့လျော် ကြေးလည်း အဆမတန် များပြား လွန်းတာကြောင့် လိုက်လျောရန်မဖြစ်နိုင်ကြောင်း” ရှင်းပြခဲ့ကြသည်။
ဗြိတိသျှအရာရှိတို့ တာရွှန်းခေါင်းဆောင်များ၏ ဗြောင်ငြင်းပယ်မှုအား အံ့အားသင့်ခဲ့ကြသည်။ ဗြိတိသျှစစ်ကြောင်းများမှ ဝန်းရံပြီးသည့်အချိန်တွင် ဤကဲ့သို့ လက်နက်ချပြီး လျှော်ကြေးပေးရန် ငြင်းပယ်ခဲ့ရခြင်းမှာထူးဆန်းလှသည်ဟု စစ်ကြောင်းဆေးမှူး Adam Reid မှမှတ်ချက်ပြုခဲ့ကြသည်။ “Their decision and straightforward boldness in giving it, when their capital was at the mercy of the united columns of the British troops, whom they had permitted and assisted to march on it, was a remarkable one” (Chin Lushai Land by A.S Reid pg. 163)
ဖလမ်းရောက် ချင်းတပ်ပေါင်းစု
+++++++++++++++++
ဗြိတိသျှစစ်တပ်အား ခုခံတော်လှန်ရန် ဖလမ်းကောင်စီသည်လည်း ချင်ပြည်အရပ်ရပ်မှ မျိုးနွယ်စုပေါင်းစုံအား ဖလမ်းတွင်စုစည်းခဲ့ကြသည်။ စစ်သည်တော် ၃၀၀၀ ထဲတွင် တာရွှန်းစစ်သည်တော်များအပြင် အခြားအင်အားကြီးမျိုးနွယ်စုများဖြစ်သော ဇာဟောင်၊ ဟွာငိုလ်၊ စီးယင်း၊ စီမ် (ခွာန်လီ)၊ စုတ်သဲ၊ Poi မျိုးနွယ်စုများအပြင် Tawyan နှင့် Minledaung ရွာမှချင်းတပ်သားများလည်း ပါဝင်ခဲ့ကြသည်။ ဗြိတိသျှ နိုင်ငံရေးအရာရှိ တို့သည်လည်း ဖလမ်း၏အခြေအနေအား နားလည်းခဲ့ကြသည်။ ထိုအကြောင်းကို နှင်ငံရေးအရာရှိ Mr.Carey မှ “ချင်းတောင်တစ်လျှောက်တွင် တာရွှန်းတို့သည် ပြိုင်ဘက်ကင်း နေရာရယူထားကြသည်ကို မမေ့သင့်ပေ။ မဏိပူမှ ဟားခါးဒေသ၊ ဗမာပြည်မှ လူရှိုင်းဒေသရှိ မျိုးနွယ်စုအားလုံးက တာရွှန်းတို့အား သစ္စာခံထားကြသည်။ ထိုအခြေအနေမှာ ဗြိတိသျှတို့၏ လွှမ်းမိုးအုပ်ချုပ်ခြင်းခံရပါက ယင်းတို့၏ ဂုဏ်သိက္ခာနှင့် ဖလမ်းဆိုတဲ့ နာမည် နှင့် ဂုဏ်သိက္ခာ ကျဆင်းသွားမှာကို စိုးရိမ်ကြသည်” ဟူ၍ မှတ်တမ်းတင် ဖော်ပြထားသည်။ “It must be remembered that the Tashon held a unique position in Chinland at this time. All the tribes from Manipur to Haka (Hakha) and from Burma to Lushai owed them nominal allegiance and the Tashon realized that their prestige would be gone and the name of Falam lowered in the eyes of Chinland if they in common with the petty clans had to pay tributes acknowledge the supremacy of the white man” (The Chin Hills: Carey and Tuck. pg. 39).
၎င်းတို့၏နာမည်နှင့် ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရန် ပြင်ဆင်ကြခြင်းဖြစ်သည်။ ဖလမ်းသို့သွားရာ လမ်းကြောင်းတစ်လျှောက်တွင် တပ်စခန်းများ ဆောက်လုပ်ခဲ့ကြပြီး မြေအနေအထား မြင့်မားသည့် နေရာတိုင်းတွင် ခံတပ်များ ဆောက်လုပ်ခဲ့ကြသည်။ ခံတပ်များ၏ အနီးတစ်ဝိုက်တွင် ၁ ပေခန့်ရှည်လျားသော ဆူးချွှန်များအား စိုက်ထူခဲ့ကြသည်။ ဗြိတိသျှတို့သည် ဘောင်းဘီရှည်ဝတ်သူများ ဖြစ်သည်နှင့်အမျှ ထိုဆူချွန်များသည်သူတို့ ဘောင်းဘီတွင်ညှိပြီး ချော်လဲကြရန်ရည်ရွယ်ခြင်းဖြစ်သည်။ မဏိပူရမြစ်တစ်လျှောက်တွင်လည်း ခံတပ်များဆောက်လုပ်ခဲ့ကြသည်။ ချင်းတပ်သားများသည် တူမီးသေနတ်၊ လေး၊ မြှား၊ ဓားစသည့် လက်နက်များကိုင်ဆောင်ခဲ့ကြသည်။ ခံတပ်စောင့်တပ်တို့သည် ဗိုလ်ကြွန်ဘိခ်ဦးဆောင်သော ဖလမ်းကောင်စီထံမှ တိုက်မိန့်အား စောင့်ဆိုင်းခဲ့ကြသည်။
၁၈၉၀ ခုနှစ် မတ်လ ၁၂ ရက်နေ့ ဆွေးနွေးခြင်း
+++++++++++++++++++++++++
၁၈၉၀ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် တောင်ပိုင်းစစ်ကြောင်းမှ ဗိုလ်မှူးချုပ်တစ်ယောက်နှင့် စစ်အင်ဂျင်နီယာ ဗိုလ်မှူး Henry နှင့် KSOB မှ စစ်သား ၂၅ ယောက်တို့သည် မြောက်ပိုင်းစစ်ကြောင်းမှ Colonel Skene နှင့်တွေ့ဆုံရန် မဏိပူရမြစ်ဘက်သို့ ဆင်းခဲ့ရသည်။ Ngalzawl နှင့် Parte ရွာသည်မဏိပူရမြစ်၏ တစ်ဘက်ခြားစီတွင်ရှိပြီး ၎င်းတို့တွေ့ဆုံရန် မဏိပူရမြစ်ဖြတ်ရမည်ဖြစ်သည်။ သို့သော်ချင်းတပ်သားများ၏ နှောင့်ယှက်မှုကြောင့် မအောင်မြင်ခဲ့ရပေ။ ထို့ကြောင့် Col. Skene သည် Chesier Regiment မှတပ်သား ၅၀၊ 2-4th Gurkha Light Infantry Battalion မှတပ်သားအယောက် ၅၀ တို့နှင့်အတူ Ngalzawl သို့ ချင်းတပ်သားများ နှောင့်ယှက်သည့်ကြားမှ သွားရောက်နိုင်ခဲ့သည်။ ဤသိုဖြင့် ညနေပိုင်းတွင် ဖလမ်းကောင်စီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ စတင်ခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် Gen. Symond က -
၁) ဗြိတိသျှအစိုးရထံသို့ လက်နက်ချအညံ့ခံပြီး ဗြိတိသျှတို့၏ သာလွန်မှုကို အသိအမှတ်ပြုသည့် အနေဖြင့် နှစ်စဉ်ဆက်သကြေးပေးဆောင်ရန်
၂) ချင်းတောင်ရှိမျိုးနွယ်စုအားလုံးမှ ဗြိတိသျှအစိုးရထံသို့ အခွန်ပေးဆောင်ရန်
၃) ဗြိတိသျှစစ်ကြောင်းများ ဖလမ်းသို့ချီတက်လာသည့် လမ်းကြောင်းတွင် ဖလမ်းကောင်စီ အနေဖြင့် တိုက်ခိုက်ခြင်းမပြုသည့် အချက်ကို မိမိတို့ပြန်လည်စဉ်းစားပြီး ယခုအခါမိမိတို့ မူလတောင်းဆိုထားသည့် လျှော်ကြေးများထဲမှ အားလုံး (သို့မဟုတ်) ထက်ဝက်ကျော် ပေးဆောင်မည် ဆိုပါက ဗြိတိသျှစစ်တပ်သည် တာရွှန်းရွာမသို့ ဝင်ရောက်ခြင်းမပြုဘဲ ဟားခါး နှင့် Fort White တပ်စခန်းသို့ပြန်သွားမည်ဖြစ်သည်။
၄) ထိုသို့ လျှော်ကြေးပေးဆောင်ခြင်းမပြုပါက Hakha နှင့် Fort White ပမာ ဗြိတိသျှစစ်တပ်သည် ဖလမ်းသို့ စစ်တပ်အမြဲတမ်း နေထိုင်ရန် စစ်စခန်းဆောက်လုပ်ပြီး ဖလမ်းအား ဗြိတိသျှစစ်တပ်မှ အုပ်ချုပ်မည် ဖြစ်ကြောင်း အသိပေးခဲ့သည်။
Gen. Symond မှဆက်ပြောရာတွင် ဗြိတိသျှအစိုးရထံသို့ အတက်ပါတောင်းဆိုချက်များအား သဘောတူမည်ဆိုယင် တာရွှန်းတို့အနေနှင့် အောက်ပါအကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
၁) ဗြိတိသျှစစ်တပ်မျှ တာရွှန်းနယ်အား တိုက်ခိုက်ခြင်းနှင့်အုပ်ချုပ်ခြင်း ပြုလုပ်မှာမဟုတ်ကြောင်း
၂) ကလေးဒေသနှင့် ကူးသန်းရောင်းဝယ်ခွင့် ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း
ထိုသို့ဗြိတိသျှတို့လိုလားသော အချက်များအား တင်ပြပြီးနောက် Gen. Symond သည်ဖလမ်းကောင်စီ ခေါင်းဆောင်များအကြား သေချာစွာဆွေးနွေးခြင်းပြုလုပ်ရန် ပြောကြားပြီး တွေ့ဆုံမှု ပြီးဆုံးသွားခဲ့သည်။
၁၈၉၀ ခုနှစ် မတ်လ ၁၃ ရက်ဆွေးနွေးခြင်း
+++++++++++++++++++++++
၁၈၉၀ခုနှစ်၊မတ်လ ၁၃ ရက်နေ့တွေ့ဆုံဆွေးနွေးပွဲတွင်မူ ဗိုလ်ကြွန်ဘိခ်မတက်တော့ဘဲ ကိုယ်စားလှယ်အဖြစ် Pu Bawi Hmung, Pu Vum Ceu နှင့်အခြားအငယ်တန်းခေါင်းဆောင် အယောက် ၂၀ တို့အားစေလွှတ်ခဲ့ပြီး ၎င်းတို့သည် ဗြိတိသျှနိုင်ငံရေး အရာရှိများဖြစ်သော Mr.Ross, Mr. Carey တို့နှင့်ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံပွဲသည် Pu Bawi Hmung မှဦးဆောင်ဆွေနွေးပြီး၊ ဗြိတိသျှအရာရှိ Mr. Rose နဲ့ Mr. Carey တို့ထံသို့ "ကျနော်တို့ အရှုံးခံပါတယ်၊ ခင်ဗျား တို့အနိုင်ရပါတယ်။ ခင်ဗျားတို့ဟာ အင်အားကြီးမား သူဖြစ်သလို၊ သနားညှာတာစိတ်လည်း ရှိတဲ့သူတွေ ဖြစ်ကြတဲ့အတွက် ခင်ဗျားတို့တောင်းဆိုတာကို နှစ်စဉ် မဟုတ်ပဲ သုံးနှစ်တခါ ဖြစ်မယ်ဆိုရင် ခင်ဗျားတို့နဲ့ကျနော်တို့ မိတ်ဆွေတွေဖြစ်မယ်" လို့တောင်းဆိုပါတယ်။ ဗြိတိသျှတွေက နှစ်စဉ်ပေးဖို့ လိုတယ်လို့ ထပ်မံပြောဆို ပြန်ပါတယ်။ Pu Bawi Hmung က ချင်းတောင်တွင် ငွေကြေးအသုံး မပြုကြပုံ၊ ငွေကြေးရရဖို့ခက်ခဲပုံနဲ့ တောင်းဆိုမှုများလွန်း တာတွေကို ရှင်းပြပြီးနောက် ရူးပီ ၅ဝဝ အစား နွားနောက် တကောင်ပေးဖို့ နှစ်ဖက်စလုံး သဘောတူခဲ့ကြသည်။ ချင်းတို့၏ အခက်အခဲများကို နာလည်းပေးပြီးနောက် နှစ်စဉ်ဆက်သကြေးအဖြစ် ဗြိတိသျှတို့ တောင်းဆိုထားသည့် ရူပီး ၁၀၀၀၀ အစား ၅၀၀၀ သို့လျေှ့ချရန်လည်းသဘောတူခဲ့ကြသည်။
သို့သော် ဖလမ်းကောင်စီအနေနှင့် ရွှေဂြိုးဖြူမင်းသားနှင့် အပေါင်းအပါများကိုမူ လက်လွှတ်ရန် ငြင်းဆိုခဲ့ကြသည်။ သူတို့အား ဖလမ်းမှကာကွယ်ရန် သစ္စာဆိုထားပြီး ဖြစ်သောကြောင့် လက်လွှတ်ရန်မှာ မဖြစ်နိုင်ကြောင်း ရှင်းပြခဲ့ကြသည်။ ချင်းလူမျိုးတို့၏ သစ္စာရှိမှုကို သက်သေပြနိုင်ခဲ့ကြသည်။ နောက်ထပ်ဓားပြများ တာရွှန်းနယ်သို့ ရောက်ရှိလာပါက လက်ခံမည်အဟုတ်ကြောင်း ကတိပေးခဲ့ကြသည်။
ဗြိတိသျှတို့ပြောသော တညရွှန်းရွာမ ဖလမ်း
++++++++++++++++++++++++
ထိုသို့တာရွှန်းတို့သည် ဗြိတိသျှတို့ထံတွင် အညံ့ခံပြီး ဆက်သကြေးပေးရန် သဘောတူပြီး နောက်တစ်ရက် ၁၈၉၀ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် Gen. Symond နှင့် အခြားဗြိတိသျှအရာရှိတို့သည် တာရွှန်းနယ်နှင့် ဖလမ်းအား လေ့လာခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဖလမ်းကောင်စီမှ ခေါင်းဆောင်များ တောင်ဆိုမှုကြောင့် ဗြိတိသျှစစ်တပ်သည် ရွာအတွင်းသို့ ဝင်ရောက်ခြင်းမပြုခဲ့ချေ။ ဖလမ်း၏ တည်နေရာနှင့် အနေအထားကို တောင်ပိုင်းစစ်ကြောင်းဆေးမှူး Adam Reid မှယခုလိုရေးသားခဲ့သည်။
“တာရွှန်းတို့၏ မြို့တော်ဖလမ်း၊ ဗမာများ၏ တာရွှန်းရွာမသည် ခန့်မှန်းခြေ အိမ်ခြေ ၄၅၀ လောက်ရှိပြီး ဘီးလူးမတောင်တန်း၏ အောက်ဘက် ပေ ၂၀၀၀ လောက်တွင်တည်ရှိသည်။ (ဘီလူးမတောင်တန်းသည် ယခုတာရွှန်းရွာထိပ်ရှိ တောင်တန်းကိုဆိုလိုခြင်းဖြစ်သည်)။ ရွာ၏အနောက် နှင့် အရှေ့ဘက်သည် မဏိပူရမြစ်သို့ စုံဆင်းသော မြစ်ချောင်းနှစ်ချောင်း (Kurkurpi ချောင်းနှင့် ဒိုဘီချောင်း) မှ ကာကွယ်ထားပြီး မြောက်ဘက်တွင်မူ မဏိပူရမြစ်မှ ကာကွယ်ထားသည်။ ဖလမ်းသည် မြောက်ဘက်ပိုင်းမှသာ မြင်ရသည်။ မြောက်ဘက်ပိုင်းမှလွဲ၍ သူတို့၏ရွာနားရောက်မှသာ ရုတ်တစ်ရက်မြင်ရသည်။ ထန်တလန်ဘက်မှ ရွာများနှင့် တစ်ခြားစီဖြစ်ပြီး စီးယင်းဘက် ရွာများနှင့် ပိုပြီးဆင်တူသည်။ ထူးခြားသည့် ရိုးရာဓလေ့ရှိကြသည်။ အခြားချင်းလူမျိုးများနှင့်မတူသည့် အထူးခြား ဆုံးအချက်ကား ၎င်းတို့၏အုပ်ချုပ်သူ နေထိုင်ရာအိမ်များသည် အရပ်သားနေထိုင်သည့် အိမ်များနှင့် အတူတူပင်ဖြစ်သည်။ ပို၍ခန့်ညားထည်ဝါခြင်းမရှိပါ။ အိမ်ပုံသဏာန် သည် တစ်အိမ်နှင့်တစ်အိမ် လိုက်ဖက်မှုရှိသည်” ဟုမှတ်ချက်ချခဲ့သည်။
၁၈၉၀ ခုနှစ် မတ်လ ၁၄ ရက်ဆွေးနွေးခြင်း
+++++++++++++++++++++++
၁၈၉၀ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ဖလမ်းကောင်စီမှ ခေါင်းဆောင်အချို့တို့သည် ဗြိတိသျှနိုင်ငံရေး အရာရှိများနှင့် နှစ်စဉ်ဆက်သရမည့် ဆက်ကြေးအတွက် အသေးစိတ် ထပ်မံဆွေးနွေးရာ ရူပီး ၅၀၀၀ နှင့်ညီမျှသော
ဆိတ် ကောင်ရေ (၁၇), နွားနောက် ကောင်ရေ (၇၀), ငွေသား ၂၀၀ကျပ် နှင့်
ဆင်စွယ် ၁ ချောင်း ဆက်သရန် သဘောတူခဲ့ကြသည်။ နောက်ပြီး တာရွှန်းတို့သည် မြေပြန့်အား စီးနင်းခြင်းမပြုရန် ကတိပေးခဲ့ကြသည်။ ဗြိတိသျှစစ်တပ်မှ အချို့တို့သည် Sihaung သို့သွားရမည်ဖြစ်ရာ၊ ထိုအတွက်လည်း အထမ်းသည် ကူလီများ ထောက်ပံ့ရန် သဘောတူခဲ့ကြသည်။ စီးယင်း နှင့် ကမ်ဟောင်မျိုးနွယ်စုများ လက်နက်ချဖို့ ပြောဆိုရန်အတွက် ဖလမ်းကောင်စီမှ ခေါင်းဆောင်နှစ်ဦးတို့သည်လည်း မြောင်ပိုင်းစစ်ကြောင်းနှင့် အတူ လိုက်သွားရန် သဘောတူခဲ့ကြသည်။ နောက်ပြီးဗြိတိသျှအစိုးရနှင့် ရှေ့ဆက်ဆက်သွယ်ရန် လမ်းကြောင်းများ ဆက်လက်ဆွေးနွေးသော်လည်း သဘောတူညီမှု မရရှိနိုင်ခဲ့ပေ။ ဗြိတိသျှအစိုးရ အနေနှင့်လည်း ကလေးဒေသနှင့် ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်း ဖွင့်ပေးခဲ့ကြသည်။ သို့သော် ရွှေဂျိူးဖြူမင်းသား၊ စော်ဘွားဟောင်းနှင့် အပေါင်းပါများကိုမူလက်လျွှတ်ရန် တာရွှန်းကောင်စီမှ ငြင်းဆန်ခဲ့ကြသည်။ ရွှေဂျိူးဖြူမင်းသားသည် ဗမာပြည်သို့ပြန်လည်ထွက်ပြေးခဲ့ရာတွင် အဖမ်းခံရခဲ့ပြီး ဗြိတိသျှအစိုးရ၏ ကြိုးပေးခြင်းကိုခံခဲ့ရလေသည်။ သူ့လက်ထောက် သူကြီးမောင်ဘို့မှာ ချင်းတောင်တွင် ဗြိတိသျှတို့လက်အောက်တွင် စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်ခြင်း (၁၈၉၀ ခုနှစ် မတ်လ)
+++++++++++++++++++++++++++++++
ဖလမ်းနှင့် ချင်းပြည်နယ်မြောက်ပိုင်း တစ်ခုလုံးသည် ၁၈၉၀ ခုနှစ် မတ်လမှစ၍ ဗြိတိသျှတို့၏လက်အောက်သို့ ကျရောက်ခဲ့လေသည်။ သို့သော်၎င်းတို့ ပိုင်ဆိုင်သည့် အခွင့်အရေး နှင့် အုပ်ချုပ်ရေးပိုင်းကိုမူ ဆုံးရှုံးခြင်းမရှိခဲ့ပေ။ တာရွှန်းတို့အနေနှင့် ဗြိတိသျှအစိုးရထံသို့ နှစ်စဉ်ဆက်ကြေးပေးဆောင်ရမည်းဖြစ်ပြီး ကျန်အပိုင်းမှာမူ ပြောင်းလဲခြင်းမရှိဘဲ နဂိုအတိုင်းဆက်လက် လုပ်ဆောင်ရန်ဖြစ်သည်။ ဤသို့ဖြင့် မြောက်ပိုင်းစစ်ကြောင်းသည်လည်း မတ်လ ၁၅ ရက်နေ့မှစ၍ Fort White စခန်းသို့ တာရွှန်းခေါင်းဆောင်နှစ်ဦးနှင့်အတူ ဆုတ်ခွာခဲ့လေသည်။ တာရွှန်းခေါင်းဆောင်တို့မှာ စီးယင်းတို့အား လက်နက်ချဖို့ပြောဆိုရန်အတွက် ဗြိတိသျှ မြောက်ပိုင်းစစ်ကြောင်းနှင့် လိုက်လံရခြင်းဖြစ်သည်။ ဒီလိုနဲ့ စီးယင်းတို့သည်လည်း မတ်လ ၂၂ ရက်နေ့တွင် လက်နက်ချခဲ့ရသည်။ တောင်ပိုင်းစစ်ကြောင်းမှ တစ်ချို့သည် Sihaung သို့သွားခဲ့ကြပြီး ပင်မတောင်ပိုင်းစစ်ကြောင်းသည်လည်း မတ်လ၁၇ ရက်နေ့တွင် ဟားခါးတပ်စခန်းသို့ ဆုတ်ခွာခဲ့ကြသည်။
ဒုတိယအကြိမ်မြောက် ဖလမ်းသို့ စစ်ချီခြင်း (၁၈၉၁)
+++++++++++++++++++++++++++
ဗြိတိသျှအင်ပါယာကြီးသည် ချင်းတောင်မြောက်ပိုင်းတစ်ခုလုံး သမ်းပိုက်နိုင်ခဲ့သော်လည်း ချင်းတောင်အရပ်ရပ်မှ ဗြိတိသျှစစ်တပ်နှင့် ဝန်ထမ်းများအား တိုက်ခိုက်သည့် ဖြစ်ရပ်များ မကြာခဏ ကြုံတွေ့ခဲ့ရသည်။ ဖလမ်းကောင်စီမှ ခေါင်းဆောင်များသည်လည်း အနယ်နယ်အရပ်ရပ်ရှိ ချင်းလူမျိုးများထံသို့ ဗြိတိသျှအစိုးရအား တိုက်ခိုက်ရန် နည်မျိုးစုံဖြင့် တိုက်တွန်းခဲ့ကြသည်။ ၁၈၉၁ ခုနှစ်ဖေဖော်ဝါရီလပိုင်းတွင် မဏိပူရမြစ် အနောက်ဘက်ခြမ်းနေ Gungal မျိုးနွယ်စုမှ လူတစ်ချို့သည် မဏိပူရမြစ်ကိုဖြစ်ပြီး ဗြိတိသျှစခန်းဖြစ်သော Fort White အားသွားရောက်တိုက်ခိုက်ခဲ့ပြီး မြင်းထိန်းသူတစ်ဦး နှင့် Gorkha စစ်သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် ဗြိတသျှအာဏာပိုင်တို့သည် Gungal နယ်အားသွားရောက် စစ်ဆင်ရန်ပြင်ဆင်ခဲ့ကြသည်။ သို့သော် Gungal တို့အပေါ် တာရွှန်းတို့ဩဇာညောင်းသောကြောင့် ဤကိစ္စအား တာရွှန်းတို့ထံအရေးဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။ နိုင်ငံရေးအရာရှိ Mr. Rose သည် တာရွှန်းတို့နှင့် ဆွေးနွေးပွဲပြုလုပ်ရန် အစီအစဉ်ရှိပြီးဖြစ်သည်။ ဗြိတိသျှစစ်တပ်သည်လည်း ဖလမ်းကောင်စီမှ ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲပြုလုပ်ရန် စစ်ရေးပြင်ဆင်ရတော့သည်။
Captain Rundall ဦးစီးသော မြောက်ပိုင်းစစ်ကြောင်းသည် ဟားခါးမှထွက်ခွာလာမည့် တောင်ပိုင်းစစ်ကြောင်းနှင့် ဆက်သွယ်ပြီး နှစ်ဖက်စစ်ကြောင်းတို့သည် ဖလမ်းအနီးတွင် တွေ့ဆုံရန် စီစဉ်ခဲ့ကြသည်။ တောင်ပိုင်းစစ်ကြောင်းသည် Colonel Mainwaring မှဦးဆောင်ပြီး စစ်သာအင်အား ၃၀၀၊ လက်နက်ကြီး ၂ လက် တို့နှင့်အတူ မတ်လ ၁၀ ရက်နေ့တွင် ဖလမ်းသို့ချီတက်လာကြသည်။ မြောက်ပိုင်းစစ်ကြောင်းသည်လည်း ၁၈၉၀ ခုနှစ်တုန်းက Colonel Skene သွားရာလမ်းကြောင်းအတိုင်းချီတက်လာကြပြီး Parte ရွာတွင်စခန်းချခဲ့ကြသည်။ တောင်ပိုင်းစစ်ကြောင်းသည် မတ်လ ၁၃ ရက်နေ့တွင် ၁၈၉၀ ခုနှစ်တုန်းက Gen. Symond စခန်းချရာ Ngalzawl မှာပင် စခန်းချခဲ့ကြသည်။ မတ်လ ၁၄ ရက်နေ့တွင် Captain Mainwaring သည်လည်း Ngalzawl သို့သွားရောက် ပူးပေါင်းပြီး၊ ထိုနေ့တွင်ပင် ဖလမ်းကောင်စီမှ ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲမစမီ ဖလမ်းကောင်စီမှ ခေါင်းဆောင်များမှ ၁၈၉၀ ခုနှစ်တွင် လျှော်ကြေးသတောတူညီထားသည့်တိုင်း နွားနောက် ၅ ကောင်အားဆက်ကြေးအဖြစ် ဆက်သခဲ့ကြသည်။ နောက်ပြီး Gungal အရေးအားဆွေနွေးကြရာ Fort White တွင်လူသတ်မှုကျူးလွန်သူအား တာရွှန်းတို့မှ ဗြိတိသျှအစိုးရထံသို့အပ်နှံရန်၊ နောက်ပြီးနစ်နာကြေးအဖြစ် တာရွှန်းတို့မှ ဗြိတိသျှအစိုးရထံသို့ နွားနောက် ၄ ကောင်နှင့် သေနတ် ၂ လက် ဆက်သရန် သဘောတူညီမှုရရှိခဲ့သည်။ ဗြိတိသျှစစ်တပ်သည် တာရွှန်းရွာမ ဖလမ်းသို့ ဝင်ရောက်ရန် အစီအစဉ်ရှိခဲ့ကြသော်လည်း ဖလမ်းကောင်စီမှ ခေါင်းဆောင်များ၏ တားဆီးမှုကြောင့် မအောင်မြင်နိုင်ခဲ့ပေ။ ဤသို့ဖြင့် တောင်ပိုင်းစစ်ကြောင်းမှ အင်အားတစ်ဝက်သည် ၁၆ ရက်နေ့တွင် ဟားခါးသို့ပြန်လည်ဆုတ်ခွာသွားပြီး၊ ၂၁ ရက်နေ့တွင်မူ ဗြိတိသျှတပ်များအားလုံး သူတို့စခန်းအသီးသီးသို့ ပြန်သွားခဲ့ကြသည်။
တတိယအကြိမ်မြောက် ဖလမ်းသို့ စစ်ချီခြင်း (၁၈၉၂)
++++++++++++++++++++++++++++
၁၈၉၀-၁၈၉၂ ခုနှစ်အတွင်း ချင်းပြည်မြောက်ပိုင်း အနှံ့အပြားတွင် ဗြိတိသျှစစ်တပ် နှင့် သူတို့၏ ဝန်ထမ်းတိုက်ခိုက်မှုများ စဉ်ဆက်မပြတ်ဖြစ်ပွားခဲ့သည်။ ဗြိတိသျှတို့သည် ၎င်းတို့၏ကြီးမားလှသောအင်အားကို ချင်းတိုက်သူကြီးများအားသိရှိနိုင်ရန် တိုက်သူကြီးများအား မန္တလေး နှင့် ရန်ကုန်သို့ခေါ်ဆောင်သွားကြပြီး ဗြိတိသျှတို့၏ ခန့်ညားထည်ဝါလှသော စစ်တပ်ကို ပြသခဲ့ကြသည်။ ချင်းလူမျိုးများမှ ဗြိတိသျှတို့၏ အင်အားကို သိရှိပြီး တော်လှန်ပုန်ကန်မှု ချုပ်ငြိမ်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် ဗြိတိသျှအစိုးရအား ပုန်ကန်သည့် အဖြစ်အပျက်များ ဆက်လက် ဖြစ်ပွားလေ့ရှိသည်။ ထိုအဖြစ်အပျက်များအုံး တာရွှန်းတို့၏လက်ချက်ဖြစ်ကြောင်းနှင့် ၎င်းတို့မှာတာဝန်ရှိသည် ဟုစွပ်စွဲကြသည်။ ထို့ကြောင့် ဗြိတိသျှတို့သည် ၎င်းတို့အနေနှင့် ချင်းပြည်ကို အာဏာအပြည့်အစုံဖြင့် အုပ်ချုပ်နိုင်ရန် တာရွှန်းတို့အား သူတို့ပိုင်ဆိုင်တားသည့် အာဏာမှ ဖယ်ရှားရန်ပြင်ဆင်ခဲ့ကြသည်။ ချင်းတောင်တစ်လျှောက်တွင် တာရွှန်းတို့သည် အင်အားအကြီးဆုံးမျိုးနွယ်စုဖြစ်ကြပြီး ၎င်းတို့၏အင်အားသည် ဗြိတိသျှစစ်တပ်နှင့် မတိမ်းမယိမ်းတွင်ရှိသည်ဟု ဗြိတိသျှတို့ သတ်မှတ်ကြသည်။ Throughout Chinland the Tashons were regarded as powerful rivals to ourselves, and it was therefore necessary to bring this tribe under our control, so that our authority in the country might be universal and paramount (Carey & Tuck 1896. pg. 64).
ထို့ကြောင့်ဗြိတိသျှတို့သည် တာရွှန်းတို့အား နောက်ဆုံးအကြိမ်စစ်ဆင်ရန် ပြင်ဆင်ကြရတော့သည်။ တာရွှန်းတို့သည် သူတို့အုပ်ချုပ်၊ ဩဇာညောင်းသော ဒေသမှ စစ်သည်တော် ၁၀၀၀၀ အားချက်ချင်းခေါ်ယူနိုင်သည်ကို သတိပြုမိကြသည်။ ထို့ကြောင့်ဤ စစ်ဆင်ရေးတွင် ယခင်ကဲ့သို့ပင်စစ်ကြောင်းနှစ်ကြောင်း ဖြင့်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြသည်။ ထိုစစ်ကြောင်းနှစ်ကြောင်းတွင်
• Lt. Knapp ဦးစီးသော Royal Artillery Section No.8 Bengal Mountain Battery (B.M.B) မှ တပ်သား ၆၅ ယောက်
• Major. Gunning ဦးစီးသော King’s Royal Rifles မှ ရိုင်ဖယလ်ကိုင်တပ်သား ၁၀၀ နှင့် အရာရှိ ၃ ယောက်
• 4th Madras Pioneers တပ်ရင်းမှ ရိုင်ဖယလ်ကိုင်တပ်သား ၁၀ ယောက်
• Captain Presgrave ဦးစီးသော 2nd Burma Battalion မှ ရိုင်ဖယလ်ကိုင်တပ်သား ၁၃၀ နှင့် မြင်းစီးစစ်သား အယောက် ၂၀
• Lt. Watson ဦးစီးသော King’s Rifle မှ အထမ်းသည်ကူလီ ၃၀၀ နှင့် မြင်းကောင်ရေ ၂၀၀
• Staff Officer အဖြစ် Garhwal Rifles မှ Lt. Evatt နှင့်
• ဆေမှူး (Medical Officer) အဖြစ် Surgeon Captain Newland A.G.E တို့ဖြစ်ကြသည်။
ဟားခါးမှထွက်ခွာလာသော တောင်ပိုင်းစစ်ကြောင်းသည် Major. Howlett မှဦးဆောင်ပြီး မတ်လ ၁၀ ရက်နေ့တွင် ထွက်ခွာလာခဲ့ကြသည်။ မြောက်ပိုင်းစစ်ကြောင်းသည်လည်း Fort White မှထွက်ခွာလာခဲ့ကြသည်။ ၎င်းစစ်ကြောင်းနှစ်ကြောင်း ထွက်ခွာလာသည့်အချိန်တွင် ဖလမ်းကောင်စီထံသို့ တာရွှန်းတို့အုပ်ချုပ်သော နယ်မြေများတွင် တွေ့သမျှလက်နက်ကိုင်သူများအားလုံး ဗြိတိသျှစစ်တပ်မှ ပစ်ခတ်မည် ဖြစ်ကြောင်းဆက်သားပေးပို့ခဲ့သည်။ မြောက်ပိုင်းစစ်ကြောင်း ချီတက်လာချိန်တွင် Parte ရွာအနီးရောက်ခိုက်တွင် လက်နက်ကိုင် တာရွှန်းလူအုပ်တစ်စုအားတွေ့ရပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ တာရွှန်းဘက်မှ တစ်ဦးကျရှုံးခဲ့ရသည်။ ထိုစစ်ကြောင်းနှစ်ကြောင်းသည် ၁၈၉၀ နှင့် ၁၈၉၁ နှစ်များအတိုင်း Ngalzawl တွင်တွေ့ဆုံခဲ့ကြပြီး ၁၈၉၂ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဖလမ်းကောင်စီခေါင်းဆောင်တစ်ချို့နှင့် တွေ့ဆုံခဲ့ကြသည်။ ဤတစ်ကြိမ်တွင်မူ တာရွန်းဘက်မှ ခေါင်းဆောင်တော်တော်များများ သွားရောက်တက်ရောက်ခဲ့သည်။ သို့သော် အကြီးအကဲများဖြစ်သော ဗိုလ်ကြွန်ဘိခ်၊ Pu Kha Lian နှင့် Pu Hmun Hlur တို့သည် တက်ရောက်ခြင်းမရှိခဲ့ပေ။ ဖလမ်း၏ ရပ်ကွက်တစ်ခုဖြစ်သော Hliap ရပ်ကွက်အုပ်ချုပ်ရေးမှူး Pu Za Kual နှင့် အခြားတာရွှန်းခေါင်းဆောင် Pu Than Ceu (Tanseo) နှင့် Pu That Ci (Tatpyi) တို့မှတာရွှန်းကိုယ်စားလှယ်များအား ဦးဆောင်ခဲ့သည်။ ဗြိတိသျှတို့သည် ဗိုလ်ကြွန်ဘိခ် လာမည်ကို စောင့်မျှော်ခဲ့ကြသော်လည်း ရောက်လာခြင်းမရှိသဖြင့် တက်ရောက်လာသည့် တာရွှန်းကိုယ်စားလှယ်တို့နှင့် ဆွေးနွေးပွဲစတင်ပြီး အောက်ပါအတိုင်း ပြောကြားခဲ့သည်။
“ဗြိတိသျှအစိုးရသည် တာရွှန်းတို့အပေါ်ယုံကြည်ချက်ရှိသော်လည်း တာရွှန်းတို့သည် ဗြိတိသျစစ်တပ်နှင့် အစိုးရဝန်ထမ်းများအား အဆက်မပြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ယနေ့မှစပြီး ဗြိတိသျှစစ်တပ်အနေနှင့် ဖလမ်းအား သိမ်းပိုက်မည်ဖြစ်သည်။ ဗြိတိသျှစစ်တပ် အမြဲတမ်းနေထိုင်ရန်အတွက် စခန်းတစ်ခုဖလမ်းတွင် တည်ဆောက်မည်ဖြစ်သည်။ ဤကြားကာလတွင် ဗြိတိသျှတို့သည် တာရွှန်းရွာတွင် အခြေချမည်ဖြစ်သည်။ ဗြိတိသျှစစ်တပ်နေထိုင်စဉ် တာရွှန်းရွာမှ နစ်နာသူများရှိလျင်လည်း နစ်နာကြေးများပေးမည်ဖြစ်သည်။ ဒီနေ့မှစပြီး တာရွှန်းတို့အနေဖြင့် ကမ်ဟောင်း၊ စီးယင်း နှင့် စာခီလင်းတို့ထံ အခွန်ကောက်ခံခြင်းများကို တားမြစ်သည်။ ဖလမ်းကောင်စီ ခေါင်းဆောင်များအနေဖြင့် သင်တို့၏ရာထူးများ ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ သို့သော် တာရွှန်းနယ်အတွင်း ပုန်ကန်မှုတစ်စုံတစ်ရာ ဖြစ်ပွားပါက သင်တို့ရာထူးနှင့် ရပိုင်ခွင့်အားလုံး ဆုံးရှုံးမည်ဖြစ်သည်။ တာရွန်းနယ်ရှိ မျိုးနွယ်စုများသည် တာရွှန်းလက်အောက်သို့ မနေလိုလျှင် ၎င်းတို့အား ဗြိတိသျှအစိုးရမှ တိုက်ရိုက်အုပ်ချပ်သွားမည်ဖြစ်သည်”။
ဤသို့ဖြင့် ဖလမ်းကောင်စီ နှင့် တာရွှန်းတို့၏ ဩဇာအာဏာသည်လည်း ပျေက်ကွယ်ပျက်သုန်း သွားခဲ့ရလေတော့သည်။ နောက်တစ်နေ့ ၁၈၉၂ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဗြိတိသျှစစ်တပ်သည် သူတို့၏အောင်မြင်ခြင်းကို ပြသသည့်အနေဖြင့် ဖလမ်းသို့ ဝင်ရောက်ချီတက်ခဲ့ကြသည်။ ဗြိတိသျှစစ်တပ် ဝင်ရောက်ချိန်တွင် ဖလမ်းသည် သုသာန်တစ်စပြင်အလား ဆိတ်ငြိမ်လျက်ရှိနေခဲ့သည်။ ဆေးမှူး Maj. Newland သည်သတင်းဓာတ်ပုံဆရာလည်းဖြစ်ပြီး ထိုသို့ ဗြိတိသျှစစ်တပ် ဖလမ်းသို့ ဝင်ရောက်စဉ်မြင်ကွင်း နှင့် နောက်ဆုံးစစ်ဆင်ရေး အဖြစ်အပျက်များအား သေချာမှတ်တမ်းတင်ထားခဲ့သည်။
ဗြိတိသျှတို့ချင်းတောင်မသိမ်းပိုက်မီတွင် တာရွှန်းတို့၏ ရွာမသည် ဖလမ်းဖြစ်ခဲ့သည်။ ဗြိတိသျှတို့ ချင်းတောင်သိမ်းပိုက်ပြီးသောအခါ သူတို့နေထိုင်ရန် စခန်းတစ်ခုတည်ဆောက်ခဲ့ကြသည်။ ထိုနေရာသည် ယခုဖလမ်းမြို့ တစ်ချိန်တုန်းက ချင်းဝိသေသတိုင်းမြို့တော်ပင်ဖြစ်သည်။ ဗြိတိသျှတို့စခန်းတည်ချိန်တွင် တာရွှန်းတို့၏ ရွာမနာမည်ပါတစ်ခါတည်း သိမ်းယူပြီး စခန်းအား ဖလမ်းဟုခေါ်ဆိုခဲ့ကြပြီး တာရွှန်းရွာမကိုမူ သူတို့၏မျိုးနွယ်စု နာမည် တာရွှန်းအဖြစ် ခေါ်ယူစေခဲ့ပြီးနောက် ယနေ့တိုင် တာရွှန်းရွာအဖြစ် ရပ်တည်နေဆဲဖြစ်သည်။
၁၈၉၂ နောက်ပိုင်းတွင်မူ ချင်းတောင်တစ်ခုလုံး ဗြိတိသျှတို့မှ တိုက်ရိုက်အုပ်ချုပ်ခဲ့ကြသည်။ သို့သော်လည်း ဒေသအုပ်ချုပ်ရေးကိုမူ တိုက်သူကြီးများမှတစ်ဆင့် အုပ်ချုပ်စေခဲ့သည်။ တာရွှန်းတို့ ခေတ်အဆက်ဆက်အသုံးပြုခဲ့သော ဒီမိုကရေစီစနစ်အား ပယ်ဖျက်ကာ တိုက်သူကြီးစနစ်ကို အစားသွင်းပြီး တာရွှန်းနယ်ကိုမူ ဗိုလ်ကြွန်ဘိခ်အား ဆက်လက်အုပ်ချုပ်စေခဲ့သည်။ ၁၈၉၆ ခုနှစ်တွင် ချင်းတောင်အက်ဥပဒေ အားပြဌာန်းခဲ့သည်။ ၁၈၉၂-၉၄ အတွင်းချင်းတောင်တစ်ခွင် နယ်ချဲ့တော်လှန်ရေးများ ဆက်လက်လုပ်ဆောင်ခဲ့ကြရာမှ ၁၈၉၆ ခုနှစ်မှသာ ဗြိတိသျှအစိုးရသည် ချင်တော်လှန်ရေးအား ငြိမ်ဝပ်ပိပြားအောင် ထိန်းချုပ်နိုင်ခဲ့သည်။
ဗိုလ်ကြွန်ဘိခ်သည် တိုက်သူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် ချင်းတောင်ပညာရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းခဲ့သည်။ အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြုအဖွဲ့မှ စေလွှတ်ခဲ့သော Rev. Arthur Carson နဲ့ဇနီး Laura Carson တို့သည် ၁၈၉၉ ခုနှစ်တွင် ကရင်ဆရာတစ်ချို့နှင့်အတူ ချင်းတောင် ဟားခါးသို့ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့၏ဦးဆောင်မှုဖြင့် စာသင်ကျောင်း (Mission School) များစတင်ဖွင့်လှစ်ခဲ့ကြသည်။ ၁၉၀၀ ခုနှစ်၊ ဇွန်လတွင် ဟားခါးမှာစတင်ဖွင့်လှစ်ခဲ့ပြီး ဆရာစံဝင်းသည် ကျောင်းဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ နောက်တစ်နှစ်တွင်ကျောင်ပိတ်ထားပြီး ၁၉၀၂ ဇွန်လတွင်ပြည်လည်ဖွင်လှစ်ခဲ့ကြသည်။ ၁၉၀၂ ခုနှစ်မှာ ဆရာဖိုကုန်းဦးဆောင်မှုဖြင့် တီးတိန်တွင် စာသင်ကျောင်းဖွင့်လှစ်ခဲ့ကြသည်။ ကျောင်းတက်မည်သူမရှိသောကြောင့် ၁၉၀၄ တွင်ရပ်နာခဲ့ပြီး ၁၉၀၅ တွင် တွန်းဇံ၌ ဆရာဖိုကုန်းမှဘဲပြန်လည်ဖွင့်လှစ်ခဲ့သည်။ ဆရာရွှေဇံ၏ ဦးဆောင်မှုဖြင့် ၁၉၀၄ ခုနှစ်တွင် Khuasak တွင်စာသင်ကျောင်းဖွင့်လှစ်ခဲ့ပြီး၊ ၁၉၀၅ စက်တင်ဘာတွင် ကျောင်းသားအယောက် ၃၀ ရရှိခဲ့သည်။ အဲဒီသာသနာပြုကျောင်းတွေရဲ့ ကောင်းမွန်တဲ့ အကျိုးပြုမှုကို ဗိုလ်ကြွန်ဘိခ်မှ နားလည်းခဲ့ပြီး ဖလမ်းနယ်ရှိမျိုးနွယ်စုတို့ဟာလည်း ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့ ပညာတတ်များစွာလိုအပ်ကြောင်း သုံးသပ်ခဲ့ရာမှ စာသင်ကျောင်းများပေါ်ပေါက်လာရေးကို အကောင်အထည်ဖော် နိုင်ရန်ကြိုးပမ်းခဲ့ရသည်။ ဗိုလ်ကြွန်ဘိခ် သည် ၁၉၀၆ ခုနှစ်တွင် ဖလမ်းနယ်အတွင်းရှိမျိုးနွယ်စု ခေါင်းဆောင်များအားလုံးကို ဖိတ်ခေါ်ပြီး၊ ဗြိတိသျှ အထက်ချင်းတွင်းခရိုင်မှ နိုင်ငံရေးအရာရှိ Mr.Bentram S. Carey နှင့်တာရွှန်းရွာတွင် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့တယ်။ ထိုအစည်းအဝေးတွင် ဗြိတိသျှ Political Officer ထံ၌ ဗိုလ်ကြွန်ဘိခ် နှင့် ဖလမ်းနယ်မှတိုက်သူကြီးများအားလုံးမှ ဖလမ်းတွင် စာသင်ကျောင်းဖွင့်လှစ်ပေးရန် တစ်ခဲနက် တောင်းခံခဲ့ကြသည်။ Mr.Carey မှလည်း အစိုးရကျောင်းဖွင့်လှစ်ပေးရန်အတွက် သဘောတူခဲ့ပြီး၊ ၁၉၀၆ ခုနှစ် ဇွန်လတွင် လက်ရှိကျင်မွာလ်ဘောလုံးကွင်း အောက်နားတွင် မြန်မာစာသင်ကျောင်း ဖွင့်လှစ်ခဲ့ကြပြီး ကရင်သာသနာပြု ဆရာကွန်းအား အားကျောင်း အုပ်ကြီးအဖြစ်ခန့်ထားခြင်းခံရသည်။ ၁၉၀၆-၀၇ ခုနှစ်ဖလမ်းမြို့၌ ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ချင်းတောင်တစ်ခုလုံး၌ မစ်ရှင်ကျောင်းပေါင်း ၁၄ ကျောင်းရှိပြီးဖြစ်သည်။ ဖလမ်းတွင်ဖွင့်လှစ်သောကျောင်းသည် ပထမဆုံးအစိုးရကျောင်း ဖြစ်လာခဲ့သည်။ မစ်ရှင်ကျောင်းပြီးသူများ အများစုမှာ ဖလမ်းကျောင်းတော်သို့ ဆက်လက်ပညာသင်ယူခဲ့ရာမှာ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြသည့် နိုင်ငံ့သားကောင်းရတာနာမြောက်မြားစွာ ကိုမွေးထုတ်ပေးနိုင်ခဲ့သည်။ သို့သော်သူစိုက်ခဲ့သည့်ပျိုးပင်များ ရှန်သန်လာသည်ကိုမူအမြင်ခဲ့ရပေ။ သူသည် ချင်းပြည်၏ ပညာရေးဖခင်လို့ပြောလို့ရှိရင်လည်း မှားအံ့မထင်။
ဗိုလ်ကြွန်ဘိခ်သည် ၁၉၁၀ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး တာရွှန်းရွာတွင် မြှုပ်နှံခဲ့ရသည်။ ယနေ့အချိန်ထိသူ့အုတ်ဂူသည် တာရွှန်းရွာတွင် တွေ့မြင့်နိုင်ဆဲဖြစ်သည်။ ဗိုလ်ကြွန်ဘိခ် နတ်ရွာစံပြီးနောက် သူ့သား ဦးဗန်မှုန်းအား တာရွှန်းနယ်အုပ်ချုပ်သည့် တိုက်သူကြီးအဖြစ် ဗြိတိသျှတို့မှ ဆက်လက်ခန့်အပ်ခဲ့သည်။
ဗိုလ်ကြွန်ဘိခ်သည် နိုင်ငံရေးအသိအမြင်ရှိသူ၊ သံတမာန်ရေးရာကျွမ်းကျင်သူ၊ စစ်ရေးကျွမ်းကျင်သူဖြစ်ပြီး စည်းလုံးခြင်း၏ အနှစ်သာရကို ကောင်းစွာနားလည်သဘောပေါက်သူဖြစ်သည်။ ဒါ့ကြောင့်လည်း ချင်းတောင်တစ်ဝှမ်းလုံးသာမက ကလေး-ကဘော်ဒေသ၏ လေးစား အားကိုးခြင်းကိုခံခဲ့ရပြီး “ချင်းမင်းကြီး” ဆိုတဲ့ဘွဲ့နာမဖြင့် ခေါ်ဆိုခြင်းခံရသူဖြစ်သည်။ နယ်ချဲ့ဗြိတိသျှတို့အား တော်လှန်ရာတွင် အဓိကအခန်းကဏ္ဍမှ ဦးဆောင်ပါဝင်သူဖြစ်သည်ကိုလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှ အသိအမှတ်ပြုရင်း ကျောင်းသင်ရီုးဖတ်စာအုပ်များတွင် သူ့အကြောင်းထည့်ထားခြင်းဖြင့်လည်းကောင်း၊ ရန်ကုန်မြို့လယ်ခေါင်ရှိ လမ်းတစ်ခုအား ဗိုလ်စွန်ပက်လမ်းသည်အဖြစ် သူ့အားဂုဏ်ပြုသည့်အနေဖြင့် မှတ်သားခေါ်ဆိုရခြင်းဖြစ်ပေသည်။
ကိုးကားစာများ:
++++++++++
1) ဆလိုင်းဗန်ကျုံးလျန်ရေးသားသော ဖလမ်းမြို့၏ ၁၂၃ နှစ်ပြည့် ခေတ်အဆက်ဆက်ခြေလှမ်းများစာအုပ် မှ ကောက်နုတ်ချက်များ
2) Campaign diary of Captain (later Lt-Col) Frederick Duncan Raikes (1848-1915), British Army 1868-71, Bombay Army from 1871, Burma Commission 1873-1901, Assistant and later Deputy Commissioner, Upper Burma 1886-88, relating to the pacification of Upper Burma following the Third Burmese War. (The British Library Reference: MSS EUR B319)
3) 1888 Chin Raid in the Kubo Valley and Records of British official correspondence in the year of 1888 (Myanmar National Archive: Ref: 2712, 2713 & 2714)
4) Yaw Expedition (Myanmar National Archive: Ref: 2713)
5) Papers of Field Marshal Sir George White, British Army 1853-1912, Commander in Chief , India 1893-98 (The British Library: Reference MSS EUR F108/5)
6) Taisun Thuanthu le Hla by Chin Rural and Education Uplift Society
7) The Economic of Central Chin Tribes by HNC Stevenson
8) Chin-Lushai Land: With Maps and Illustrations by Sir. Adam. Scott. Reid
ဗြိတိသျှစစ်တပ် ချင်းတောင်သိမ်းပိုင်စဉ် ပုံရိပ်များ — at ဗြိတိသျှစစ်တပ် ချင်းတောင်သိမ်းပိုင်စဉ် ပုံရိပ်များ.
၁၈၉၂ ခုနှစ် မတ်လ ၁၄ ရက်နေ့ - ဗြိတိသျှစစ်တပ် တာရွှန်းရွာမ ဖလမ်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ချီတက်စဉ်
ဗြိတိသျှစစ်ကြောင်းNgalzawl အရပ်သို့စခန်းချနေစဉ် မတ်လ ၁၈၉၂ ခုနှစ်
ဗိုလ်ကြွန်ဘိခ် (ထိုင်-ညာဘက်) နှင့် နိုင်ငံရေးအရာရှိ B.S Carey (ထိုင်-ဘယ်) စကားပြန်နှစ်ဦး (အကျီဖြူ ) တို့အားဖလမ်းနယ် တိုက်သူကြီးများမှ ဝန်းရံပြီး တာရွှန်းရွာ ဗိုလ်ကြွန်ဘိခ်နေအိမ်တွင် ဓာတ်ပုံရိုက်ကြစဉ်။
ဗိုလ်ကြွန်ဘိခ် နှင့် ဖလမ်းနယ်တိုက်သူကြီးများ နိုင်ငံရေးအရာရှိ B.S Carey ထံတွင် ဖလမ်းမြို့သို့ ကျောင်းဖွင်ပေးရန် တောင်းဆိုသည့် ပညာရေးညီလာခံ
ဗိုလ်ကြွန်ဘိခ်သား တာရွှန်းတိုက်သူကြီး ဥိးဗန်မှုန်းမှ သူ့အဖေ ဆုံးသည့်အချိန်တွင် ရေးထိုးခဲ့သော ကျောက်စာ
တစ်ချိန်တုန်းက ဗိုလ်ကြွန်ဘိခ်နေအိမ်၊ သူ့သား တာရွန်းနယ်တိုက်သူကြီးမှ သစ်သားဖြင့်ပြန်လည် တည်ဆောက်ခဲ့သည်။ ဦးဗန်မှုန်း ဆာက်ခဲ့သော အိမ်သည် ၁၉၅၀ ဝန်းကျင်တွင် သူ့သားမှ ပြန်လည်ပြင်ဆင်ခဲ့သည်။ သို့သော် ၂၀၀၀ ဝန်းကျင်တွင် ယိုယွင်းပျက်စီးနေခဲ့ရာမှ ဤအိမ်သည် ၂၀၁၅ တွင် ဗိုလ်ကြွန်ဘိခ်မြေးများမှ ပြန်လည်ပြုပြင်နေစဉ် ဖြစ်သည်။